ပုလော ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အသက်မွေး၀မ်းကျောင်းအထောက်အကူပြု အမျိုးသမီးအခြေခံအပ်ချုပ်စက် (၂)လသင်တန်း အမှတ်စဉ်(၂/၂၀၂၁)ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာအုပ်စု၊ အထက(ခွဲ)ပေါင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး က ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရန်ဆိုတဲ့ မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လယ်ယာ၊ သားငါးနှင့် စားသောက်ကုန်များကို သယ်ပို့နိုင်မည့် ကုန်ထုတ်လမ်းများ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး လုပ်ငန်း၊ကျေးလက်ဒေသ မီးရရှိရေး အတွက် ဆိုလာ မီးလင်းရေး လုပ်ငန်းများ အပြင် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြား ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အားကြိုးမာန်တက် စဉ်ဆက်မပြတ် သင်ကြားပေးကြဖို့ တိုက်တွန်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တောင်ယာကမ်းကျေးရွာအုပ်စုမှ သင်တန်းသူ (၁၅) ဦးဖြင့် နည်းပြဆရာမ(၁)ဦးက သင်ကြားပေးသွားမှာ ဖြစ်ပြီး သင်တန်းကာလမှ (၂)လ ဖြစ်ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)