ပွင့်ဖြူ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ များကို ဇွန် ၁၀ ရက် ၊ ယနေ့ နံနက်ပိုင်းက စတင်ပြီး မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို ထုတ်ချေးပေးနေပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံက သိရသည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်က ထုတ်ချေးခဲ့သော စိုက်ပျိုး စရိတ်ချေးငွေ ပြေကြေစွာ ပြန်လည်ပေးဆပ်သည့် တောင်သူများကိုသာ စတင်ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအပေါ် မူတည်၍ ကျန်ရှိသည့်တောင်သူများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်း ကျေးရွာမှ ဒေသခံတောင်သူ ၁၁၄ ဦးအား မိုးစပါးသီးနှံစိုက်ဧက ၆၇၆ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် စုစုပေါင်း ထုတ်ချေးငွေကျပ် ၁၀၁၄၀၀၀၀၀ အား တောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် လက်ဝယ် အရောက်ထုတ်ချေးပေးခဲ့ပြီး မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် က ချေးငွေပြန်လည်ပေးဆပ်ရမည့်စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံးအနေဖြင့် ယခု ၂၀၂၁ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု(၅၁)အုပ်စု ရှိပြီး အဆိုပါ ကျေးရွာအုပ်စုများမှ ချေး ငွေပြေကြေစွာ ပြန်လည်ပေးဆပ်သည့် တောင်သူများကို ဦးစားပေးစနစ်ဖြင့် ပြန်လည်ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )