ကျွန်းစု ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရန် နေအိမ်ပြင်ပ သွားလာသူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေးအတွက် ယနေ့ နံနက်(၇)နာရီခွဲအချိန်က ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ စည်ပင်သာယာမြို့မဈေးရှေ့နှင့် စျေးအတွင်း၊ ကျွန်းစုမြို့ဦး ဆိပ်ကမ်းတံတား၊ အမြန်ရေယာဉ်အတွင်းတို့၌ (Mask Campaign) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ပြုလုပ်ရာတွင် ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရန်နိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့မှ လမ်းသွားလမ်းလာပြည်သူများ၊ စျေးရောင်း/ဝယ်သူများ၊ ခရီး သွားပြည်သူများအား လူတိုင်းနှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး၊ ပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါ Mask တပ်ဆင်သည့် အလေ့အကျင့် ရှိစေရေး၊ ဈေးရောင်းသူများအနေဖြင့် Mask နှင့် Face Shield များ မဖြစ်မနေတပ်ဆင်ကြရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထိုနောက် ဈေးရောင်း/ဝယ်သူများ၊ ခရီးသွားလာသူများအား နှာခေါင်းစည်း Mask များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြပြီး ရောဂါပိုးကူးစက်ခံသူ များပြားလာပြီဖြစ်၍ Mask များ တပ်ဆင်ခြင်းမရှိပါက အပြစ်ဒဏ်ချမှတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)