လက်ပံတန်းမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လက်ပံတန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး သာယာဝဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၃၃)ဦး တွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသန့်စင်က ယခုအချိန်တွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့သူ(၃၃)ဦး ရှိလာသဖြင့်၊ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ကြသည့် လူမှုကူညီရေး အသင်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း၊ မိမိမြို့နယ်အတွက် ပါဝင်ကူညီဆောင်ရွက်ရန် တက်ရောက်လာသူ များအား ဝမ်းသာကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသူများက ယခင်ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ အစည်းအဝေးတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေများ၊ Mask  တပ်ဆင်သွား လာရေးနှင့် ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ပိုး တွေ့ရှိသူနှင့် ထိတွေ့သူများအား ရှာဖွေ၍ ကန့်သတ်ထားရှိမည့် Quarantine Centre များတွင် လိုအပ်သည့်ပြင်ဆင် မှုများ ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဒါန်းငွေများလှူဒါန်းနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး နှိုးဆော်သွားရန်နှင့် မြို့မဈေးအား အချိန်ပိုင်း ဖွင့်လှစ်ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များ လိုက်နာဆောင်ရွက်သွားရန် နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြ ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ စည်ပင်ကော်မတီဝင်များ လူမှုရေး အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ၊ ပြန် /ဆက်