မိုးညို ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ တာ၀န်ယူ ဆောင်ရွက်လျက်ရှိသော ဆင်ခေါင်း ကျေးရွာအုပ်စုနှင့် ဆင်မနိုင်ကျေးရွာအုပ်စုတို့အား ဆက်သွယ်ထားသည့် ငါးပြေမတံတားတွင် ပျက်စီးလျက်ရှိသော တံတားကြမ်းခင်း နှင့် ဘီးလမ်းတို့အား အသစ်လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါတံတားသည် လက်ပံတန်း-မိုးညို-နတ်တလင်းသွား ကားလမ်းမကြီး၏ မိုင်တိုင် ၅၄/၃ နှင့် ၅၄/၄ အကြားတွင်ရှိပြီး တံတားအရှည်မှာ ၂၆၀ ပေ၊ အကျယ် ၁၂ ပေ ၊ ဘေလီတံတား အမျိုးအစား ဖြစ်ကြောင်း၊ ၎င်းတံတားသည် ဆင်ခေါင်းကျေးရွာအုပ်စု နှင့် ဆင်မနိုင်ကျေးရွာ အုပ်စုတို့အား ဆက်သွယ်ထားပြီး မေလ ၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါတွင် ပျက်စီးလျက်ရှိသော တံတားကြမ်းခင်းနှင့် ဘီးလမ်းတို့အား ပြုပြင်ဆောင်ရွက်ပြီးစီးသည့်အတွက် ကျေးရွာနေပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ကျေးရွာများမှ ထွက်ရှိသည့် သီးနှံများ တင်ပို့ရာတွင် သွားလာရန် အချက်အချာကျသော တံတားဖြစ်ကြောင်း၊ ထိုသို့တံတား ပြုပြင်ခြင်းလုပ်ငန်းအား ပြည်ထောင်စုပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ၃၇.၅ သန်းဖြင့် ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)