ဖြူးမြို့နယ်၌ နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာမှုရှိစေရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

ဖြူး ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးအနေဖြင့် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုသည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရှိ လူသွားလူလာများသည့် လမ်းဆုံလမ်းခွ များတွင် အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်စောင့်ကြည့်ရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင် များသည် မြို့ပေါ်ရှိ လူသွားလူလာများသည့် ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထောင့်နေရာတွင် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်မှုရှိစေရေး၊ ကျန်းမာရေးဦးစီးဌာနမှ ပညာပေးမှုများကို လိုက်နာနိုင်ရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး နှာခေါင်းစည်း အခု(၁၅၀၀)အား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ဖြူး)