ပေါင်းတည်မြို့ရှိ နတ်ပုတီး-တောင်ဘို့လှလမ်းအား ကွန်ကရစ်လမ်းသစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်

ပေါင်းတည် ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ ဒေသနေပြည်သူများ ဒေသဖွံ့ဖြိုး တိုးတက်စေရန်နှင့် သွားလာရ လွယ်ကူစေရန် ရည်ရွယ်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နတ်ပုတီး-တောင်ဘို့လှလမ်းအား ကွန်ကရစ်လမ်း သစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

နတ်ပုတီး-တောင်ဘို့လှလမ်းသည် ဒေသခံကျေးလက်နေပြည်သူများ စိုက်ပျိုးရေးလုပ်ငန်းများ ဆောက်ရွက်ရာတွင် အဓိက သွားလာ အသုံးပြုသည့် လမ်းတစ်လမ်းဖြစ်ကာ မိုးတွင်းကာလများတွင် ရွှံ့ဗွက်များဖြင့် သွားလာရေး အဆင်မပြေမှုများ ကြုံတွေ့နေကြောင်း သိရှိရ၍ ယခုဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံး ငွေရင်းရန်ပုံငွေ ခွင့်ပြုငွေကျပ် (၂၅၀)သန်းဖြင့် အရှည် (၁)မိုင်၊ အကျယ်(၁၂)ပေ ၊ ထု(၇)လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း ပြီးစီးပါက ဒေသနေ ပြည်သူများ တစ်ရွာနှင့်တစ်ရွာ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)