လက်ပံတန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်များအား ရတနာသဖွယ် သတ်မှတ်၍ ချစ်ခင်မြတ်နိုး ယုယစွာ ပြုစုစောင့်ရှောက်လျက်ရှိသည့် အစဉ်အလာနှင့်အညီ မြန်မာကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွား (The Best Interest of the Child) နှင့် ကလေးသူငယ်များအတွက် ကောင်းသော ပတ်ဝန်းကျင်များရရှိရေးကို ဦးတည်လျက် ဆင့်ပွားအသိပညာပေးသင်တန်းကို ယမန်နေ့ နေ့လယ် ၁ နာရီက လက်ပံတန်းမြို့နယ်၊ လူမှုဝန်ထမ်းမူကြိုကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းအိပန်က ၂၃.၇.၂၀၁၉ ရက်နေ့တွင် ပြဌာန်းခဲ့သော ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်မို့မို့အေးက ကလေးသူငယ်၏ အခွင့်အရေး(၄)ရပ်၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ၊ ပညာရေးဆိုင်ရာ အခွင့်အရေးများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်းကလေး သူငယ်များ၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးများနှင့်ပတ်သက်၍ ကာကွယ် စောင့်ရှောက်ခြင်း၊ ကလေးသူငယ်၏ ကျင့်ဝတ်စည်းကမ်းများနှင့် မိဘအုပ်ထိန်းသူနှင့် ဆရာ၊ဆရာမ များ၏ တာဝန်ဝတ္တရားများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသားဦးရေ ၂၅ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စုဝေလွင်