ကော့ကရိတ် ဇွန် ၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေစေရန်အတွက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်များ၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ် (၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီး လမ်းဆုံနေရာ၌ စစ်ဆေးဖမ်းဆီး ၍ အရေးယူမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး "ဦးဝင်းနိုင်ဦး နှင့် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်စောဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဆိုင်ကယ်မောင်းနှင်ကြသူများ၏ စည်းကမ်း မလိုက်နာမှုများဖြစ်သော ဆိုင်ကယ်စီးဦးထုပ်မဆောင်းဘဲမောင်းနှင်ခြင်း၊ ပါဝါအိတ်ဇောတပ်ပြီး မောင်းနှင်ခြင်း၊ ဆိုင်ကယ် တစ်စီးလျှင် သုံးယောက်စီးနင်း မောင်းနှင်ခြင်းစသည့် စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ် (၂၀)စီးအား စစ်ဆေးဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နိုင်ခဲ့သည်။
အလားတူ အဆိုပါပူးပေါင်းအဖွဲ့သည် ဇွန် ၇ ရက်နေ့မှ ၈ရက်နေ့အထိ စည်းကမ်းမဲ့ မော်တော်ယာဉ် (၂)စီး၊ စည်းကမ်းမဲ့ သုံးဘီးဆိုင်ကယ် (၁)စီးနှင့် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် (၃၃)စီး စုစုပေါင်း (၃၆)စီးအား ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး ထံမှ သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)