မကွေးမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်

မကွေး  ဇွန် ၉

           

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုန်လုပ်မှုနည်းပညာသင်တန်းကို ဇွန်လ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

           

 

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ကုန်နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းဖြင့် မိသားစုဝင်ငွေတစ်နိုင်တစ်ပိုင်တိုးပွားစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများအား ကိုယ်တိုင်ပြုလုပ် စားသောက်နိုင်စေရန်၊ သင်တန်းသားများအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

           

 

အဆိုပါသင်တန်းတွင် သင်တန်သား(၂၀) ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး  မုန့်အမျိုးအစား (၁၇)မျိုး သင်ကြားပေးမည်ဖြစ်ရာ သင်ထောက်ကူပစ္စည်း၊ ကုန်ကြမ်းနှင့် သင်တန်းသား စားသောက်စရိတ်များအား အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

           

 

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသက်မွေးဝမ်းကြောင်း သင်တန်းအမျိုးအစား(၁၀)မျိုးပို့ချပေးနေပြီး စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအပြင် သီးနှံဖျော်ရည် သင်တန်း၊ လူသုံးကုန်၊အလှကုန်ပစ္စည်းများ ပြုလုပ်နည်းသင်တန်း၊ လျှပ်စစ်သံဂဟေဆက်သင်တန်း၊ အိမ်တွင်း လျှပ်စစ်သင်တန်း၊ စက်ချုပ်သင်တန်းများ အခမဲ့သင်ကြားပေးလျက်ရှိပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

 

ကိုအောင်