ကြံခင်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်အရည်အသွေးပြည့်မှီသည့် ပုံပြောအစီအစဉ်များ လွှင့်တင်ပေး နိုင်ရန် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲအစီအစဉ်အား ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်မှမြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့်စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို လှုပ်ရှားဆောင်ရွက်လျက်ရှိသော ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် စာအုပ်မိတ်ဆက်ခြင်းများကို WebsiteTV ရိုက်ကူးပြီး လွှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါအရည်အသွေး ပြည့်မီသည့် ပုံပြင်များလွှင့်တင်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်မှစပြီး သတ်မှတ်ချက်နှင့်အညီ တစ်ခရိုင်လျှင် တစ်ဦးနှုန်းဝင်ရောက်ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်လေးများအား ပထမဆုငွေကျပ်တစ်သိန်း၊ ဒုတိယဆုငွေကျပ်ရှစ်သောင်း၊ တတိယဆုငွေကျပ်ငါးသောင်းနှင့်အထူးဆု (၅)ဆုတွက်ငွေကျပ်နှစ်သောင်းစီချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြသော ပုံပြင်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ စာရေးဆရာအသင်း၊ Book Club နှင့် Youth Club အဖွဲ့အစည်းများဖြင့်အကဲဖြတ်စိစစ်ပြီး စည်းမျဉ်း၊စည်းကမ်းများနှင့်အညီအမှတ်ပေး စိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်း ပြောကြားပါသည်။
ထိုနောက် ကြံခင်းမြို့နယ် ရေနံတောင်ကျေးရွာအုပ်စု (အထက)ရေနံတောင်မှ Grade-3 ကျောင်းသူ မနန်းထက် ကြယ်စင်လင်းက စာရေးသူ-ဆရာကြီး ဝဏ္ဏသီရိရေးသားပြီး မင်္ဂလာမောင်မယ်ရုပ်စုံစာအုပ်မှ "အကြံကောင်း ဉာဏ်ကောင်း"အသိပညာပေးပုံပြင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် မြို့နယ်ဦးစီးမှူးမှပါဝင် ယှဉ်ပြိုင်သော ကျောင်းသူမနန်းထက်ကြယ်စင်လင်းအား အမှတ်တရလက်ဆောင်များပေး အပ်ခဲ့ကြောင်း သိရသည်။