ဝန်းသိုမြို့နယ် ခပ်ချိုရွာက ဝါးနှီးခမောက်ရက်လုပ်ငန်း

ဝန်းသို  ဇွန် ၉

 

စစ်ကိုင်းတိုင်းဒေသကြီး   ကင်းမြင်သာအုပ်စု  ခပ်ချိုကျေးရွာတွင် ဒေသခံတောင်သူများနေ ပူမိုးရွာ ခေါင်းဆောင်း အကာအကွယ်အဖြစ် အသုံးပြုသော ဝါးနှီးခမောက်များရက်လုပ်သည့် လုပ်ငန်းကို     တစ်နှစ်ပတ်လုံး တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြကြောင်း သိရသည်။

 

 

ခပ်ချိုကျေးရွာတွင် ဝါးနှီးခမောက်ရက်ရာတွင် ဝါးကိုခွဲခြမ်းစိတ်ဖြာ၍ ပြန်လည်ရက်လုပ် ပုံဖော်ခြင်းဖြစ်သည်။  ထိုသို့ ပြုလုပ်ခြင်းဖြင့် ခမောက်မှာ ပုံစံကျပြီး  ပို၍အသုံးခံသောကြောင့်  လူကြိုက်များကြောင်း သိရသည်။

 

 

 

ဦးစွာ ခမောက်များကိုပုံစံကျအောင်အကြမ်း  ပြင်ခြင်း၊   စိတ်ပြီးသပ်ပြီး ဖြစ်သော နှီးဖြင့် စ၍ဗွေလှည့်ခြင်း၊ ခွေတံတင်ခြင်း၊ ပက်ပင် ထည့်ခြင်း၊ အနားသတ်ခြင်း စသည်တို့အဆင့်ဆင့် လုပ်ဆောင်ရသည်။ ခမောက်အပေါ်တွင် ပန်းအလှများပန်းချီရေး ဆွဲထားသည့် ခမောက် အပြန့် အလှဆောင်းတစ်လုံးလျှင် ငွေကျပ်၉ဝဝ၊ခမောက်အကြမ်းတစ်လုံးလျှင် ငွေကျပ် ၅ဝဝတို့ ဖြင့်ရောင်းချကြသည်။  ခမောက်ရက်လုပ်ရန်အတွက်အခြား  လိုအပ်သောနှီး၊ အပ်ချည်ကြိုး၊ပလတ်စတစ်များ၏ ကုန်ကျစရိတ်ရှိကြောင်းလည်း သိရသည်။

 

 

 

ခပ်ချိုကျေးရွာမှ  ရက်လုပ်သော ခမောက်များမှာ မိုးလုံ၊ရေလုံအောင်ပလတ်စတစ်များခံကာ  နှစ်ထပ်ချုပ်ထားသဖြင့်ကြာရှည်   အသုံးခံခြင်းကြောင့် ကချင်ပြည်နယ်၊စစ်ကိုင်း တိုင်းဒေသကြီး၊  မန္တလေး တိုင်းဒေသကြီးရှိ ခမောက်ရောင်းဝယ် ရေးဆိုင်များသို့ထုပ်ပိုးကာ   ပို့ဆောင်ပေး ရကြောင်း၊တစ်နှစ်ပတ်လုံးတွင်  မိုးစပါးစိုက်ပျိုးချိန်နှင့်ရိတ်သိမ်းချိန်တွင် ခဏတာ ရပ်နားကြပြီး အားလပ်သောအချိန်များ၌  အချိန်ကိုအကျိုးရှိစွာ အသုံးချ၍  မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သောလုပ်ငန်းဖြစ်ခြင်းကြောင့် အပိုဝင်ငွေရှိသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။

 

 

မြင့်ထွန်းမင်း(ကောလင်း)