ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား တတိယနေ့မြောက် ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိ

ရိခေါ်ဒါရ် ဇွန် ၉
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် တတိယနေ့ စစ်ဆေးမှုကိုယနေ့ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးခြင်း တတိယနေ့မြောက် စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၆၀)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူ (၅၂)ဦးတို့နှင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၈)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၁၁)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများအနက် တစ်ဦးအား ရိခေါ်ဒါရ် တိုက်နယ်ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိသူဖြစ်ပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ် မရှိကြောင်း၊ ကျန်(၁၀)ဦးတို့အား မိမိတို့နေအိမ်အသီးသီး၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို ဇွန်လ (၇)ရက်နေ့မှ (၉)ရက်နေ့အထိ(သုံးရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၁၆၆)ဦးရှိပြီး ရောဂါပိုး တွေ့ရှိသူ (၃၁)ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။