မြဝတီ ဇွန် ၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတား၊ BCF အတွင်းရှိ မြို့နယ်ကုန်တင်ကုန်ချ ကော်မတီရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲတွင် မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ် က ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး အမှာစကား ပြောကြားသည်။
ထို့နောက် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိန်သောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်၊ မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်းတို့က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်သည်။
ဆက်လက်၍ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး၊ ဦးစီးအရာရှိ ဦးနိုင်စိုး က ကျေးဇူးတင်စကား ပြောကြားပြီး ထိုသို့ ပြုလုပ်ပေးခြင်းကို မြဝတီမြို့၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးမှ ဝန်ထမ်းများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၁၆၃ စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၄၀ ကတ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)