ကျောင်းကုန်းမြို့တွင် အမျိုးသမီးကော်မတီဝင်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေး

ကျောင်းကုန်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာ ခန်းမ၌ အမျိုးသမီးကော်မတီ တွေ့ဆုံဆွေး‌နွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးကော်မတီဝင်များနှင့် ယခုလိုတွေ့ဆုံခြင်းဟာ ပထမဆုံးဖြစ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် အခြားအခွင့်အရေးများ ရရှိနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက် လိုအပ်တဲ့ဥပဒေ၊ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ ကစပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို အမည်ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦး က သက်ငယ်မုဒိန်းမှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ လူကုန်ကူးခံရမှုတွေကို အချိန်နဲ့တပြေးညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျောင်းကုန်းမြို့နယ်မှာ အမှု(၂)ခုရှိကြောင်း၊ ကူညီဆောင်ရွက်ပေးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသော အမျိုးသမီးကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး၊ အမျိုးသမီးများအား ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)