ဒေးဒရဲ ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနဆိုင်ရာများ အနေဖြင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးကရုပြုဆောင်ရွက်ရေး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မြို့၊ ရုံးဌာနများနှင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ မြို့တွင်းရေမြောင်းများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့နယ်အတွင်း အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးက လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များအား အထူးကရုပြု ဆောင်ရွက်ရေး ဆွေးနွေးပြောကြားခဲ့ပြီး ဌာနဆိုင်ရာများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ