ပွင့်ဖြူ ဇွန် ၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် မဲဇလီ - ဥယျာဉ်ကျစ် လမ်းအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာနှင့် ဥယျာဉ်ကျစ်ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းသည် အရှည်ပေ ၁၄ မိုင်ရှိပြီး ယခင်က မြေနီကျောက်စရစ်လမ်းဖြစ်၍ မိုးရေတိုက်စားမှုကြောင့် အချို့နေရာ များတွင် လမ်းများပျက်စီးနေကာ ဒေသခံပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ကြုံတွေ့ နေရ ကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ် ၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၅၅ သန်းဖြင့် လမ်းအရှည်ပေ ၂ ဒသမ ၃၁ ကီလို မီတာအား လမ်းအကျယ်ပေ ၃ ဒသမ ၆၆ မီတာ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၂၇ ဒသမ သုည သန်းဖြင့် လမ်း အရှည်ပေ ၃ ဒသမ ၈၁ ကီလိုမီတာ အား လမ်းအကျယ်ပေ ၃ ဒသမ ၆၆ မီတာ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တင်ဒါ အောင်မြင်သည့် ရွှေရည်ဝင်းလျှံ ကုမ္ပဏီအား တာဝန်ယူ ဆောင်ရွက် လုပ်ကိုင်စေကာ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီရေး အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကတ္တရာလမ်းအဆင့်မြင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပါက ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ ၊ ဥယျာဉ် ကျစ်ကျေးရွာ ၊ ကျောင်းကုန်းကြီးကျေးရွာ ၊ ဆည်မုန်းကျေးရွာ ၊ ကနီကျေးရွာ ၊ ထူးပေါက် ကျေးရွာ ၊ အင်းကုန်းကျေးရွာ ၊ ထိန်အိုင်ကျေးရွာ ၊ ရေပုတ်ကလေးကျေးရွာ ၊ ဆည်တော်ကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေချောမွေ့စွာ ကူးလူးဖြတ်သန်းသွားလာနိုင်မည့်အပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကိုပါ အဆင်ပြေစွာ သွားလာ ဆောင်ရွက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိမိလွင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )