မင်းဘူးမြို့ ပျံကျဈေးတွင် ဈေးသူဈေးသားများ စည်ကားသိုက်မြိုက်စွာ ရောင်းဝယ်လျက်ရှိ

မင်းဘူး   ဇွန်   ၉

    

မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ကျေးရွာပေါင်း ၁၅၀ မှဈေးဝယ်သူများနှင့် ရေပုတ်ကလေး၊ ကျောက်တန်း၊ ရေမျက်၊ ရေတွင်းကုန်းစသော ကျေးရွာများအပြင် စကုနယ်တစ်ဝိုက်နှင့် ပွင့်ဖြူနယ်များမှလည်း ဟင်းသီးဟင်ရွက်များ၊ သစ်သီးဝလံများ လာရောက်ရောင်းချမှု ရှိခြင်းကြောင့် မင်းဘူးပျံကျဈေးမှာ စည်ကားခြင်း ဖြစ်လေသည်။

      

ဟင်းသီးဟင်းရွက်များ ထွက်ရှိသော ကျေးရွာများမှ ထော်လာဂျီများ၊ သုံးဘီးယာဉ်များဖြင့် တောင်သူများ ကိုယ်တိုင် လာရောက် ရောင်းချသူများရှိသလို ဈေးသည်များကိုယ်တိုင် ညနေကတည်းက မနက်ခင်း ဈေးရောင်းဖို့အတွက် သယ်ထားသူများလည်းရှိသည်။ ဈေးသည်များမှာ မနက် ၃ နာရီ ထိုးမှစ၍ ပြင်ဆင်ကာ ဈေးများခင်းထားကြသည်။ မနက် ၄ နာရီ အချိန်တွင် မင်းဘူးမြို့မှ ဈေးခွဲကလေးများနှင့် မကွေးမြို့သို့ သွားရောက် ရောင်းချမည့်သူများက ထိုပျံကျဈေးမှ ဖောက်သည်လာယူကြရသည်။

      

တနည်းအားဖြင့်ဆိုလျှင် မင်းဘူးမြို့ ပျံကျဈေးသည် မနက်ဈေးဟု ခေါ်ရမည်။ မနက် ၃ နာရီမှ စတင်ကာ ဈေးခင်း၍ ရောင်းချရပြီး မနက် ၁၀ နာရီထိုးလျှင် ဈေးကွဲသွားပြီး စည်ပင်သာယာ ဈေးကြီးဘေးတွင်သာ ဈေးပြန်စည်ကား သွားတော့သည်။ စည်ပင်သာယာ ဈေးကြီးကတော့ မနက် ၇ နာရီတွင် ဈေးဆိုင်များ ခင်းကြပြီး ညနေ ၅ နာရီအထိ ရောင်းချရသည်။

     

 မင်းဘူးမြို့ ပျံကျဈေးကို နဂိုက ဈေးကြီးပတ်လည်တွင် ရောင်းချရသော်လည်း ကိုဗစ်-၁၉ ကာလတွင် ခရိုင်အားကစား ဝန်းအတွင်းသို့ ပြောင်းရွေ့ဖွင့်လှစ် ပေးခဲ့ပြီး စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် မင်းဘူးမြို့ တမာတန်း ရပ်ကွက်သို့ ပြောင်းရွေ့၍ ရောင်းချစေခဲ့ပြီး ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကိုသာ ရောင်းချစေခဲ့သော်လည်း ဖောက်သည် ယူသူများ၊ လက်လီဝယ်ယူစားသုံးသူများဖြင့် ယခင်အတိုင်း စည်ကား သိုက်မြိုက်စွာ ရောင်းဝယ် လျက်ရှိကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)