ရေတာရှည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း ဇွန်လ ၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဇွန်လ ၄ ရက်နေ့က မိုးကြိုး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတစ်ဦး၏ မိသားစုအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဥက္ကာသန်း က အမှာစကား ပြောကြားခဲ့ပြီး တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူဟန်က လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကြာအင်းကုန်းကျေးရွာတွင် မိုးကြိုးပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ၏ မိသားစုအား ထောက်ပံ့ငွေ သုံးသိန်း ပေးအပ်ခဲ့ပြီး ကြာအင်းကုန်း၊ မိကျောင်းအိုင်၊ အင်ဒိုင်း၊ ဒိုးတန်း ကျေးရွာအုပ်စု ၄ အုပ်စု မှ လေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သောအိမ် ၁၃ လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ ရှစ်သိန်း ငါးသောင်း ကျပ် နှင့် လေဘေးသင့်ပြည်သူ ၄၄ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကိုးသောင်း နှစ်ထောင် လေးရာ ကျပ် အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြိုလဲပျက်စီးခဲ့သည့် နေအိမ် ၄ လုံး အတွက် မီးဖိုချောင်သုံးနှင့် တစ်ကိုယ်ရည်သုံး ပစ္စည်း ၁၇ မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)