မင်းဘူး ဇွန် ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် အာမခံအလုပ်သမားတစ်ဦး အလုပ်တွင် ထိခိုက်သေဆုံးခဲ့မှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးခွဲမှ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် (၄၃) သိန်းကျော်ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
“မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ မင်းဘူးမန်းရေနံမြေလျှပ်စစ်ဌာနက အာမခံအလုပ်သမား ဦးသိန်းဇော်ဝင်းဟာ ယခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် (၈)နာရီခွဲအချိန့်ခန့်က ပစ္စည်းစီမံဌာန ကြီးကြပ်မှု အောက်မှာရှိတဲ့ ပိုက်သိုလှောင်ရုံစခန်း အမှတ်(၂)၊ MDE (1) ပိုက်စုပုံစခန်း(၂)မှာရှိတဲ့ မီးတိုင်တွေထဲက မီးလုံး (၄)လုံးဟာ မီးမလင်းတော့တာကြောင့် အသစ်လဲလှယ်တပ်ဆင်ဖို့ လှေကားနဲ့ ဓါတ်တိုင်ပေါ်တက်ပြီး မီးစလောင်းဖြုတ်နေစဉ် ပြုတ်ကျပြီးတော့ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ပါဖြစ်တယ်”ဟု မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ပြောသည်။
အာမခံအလုပ်သမား ဦးသိန်းဇော်ဝင်း၏ သေဆုံးမှုအတွက် နာရေးစရိတ် ငွေကျပ် (၂)သိန်းကျော် ကိုလည်း ယခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ ငွေလုံးငွေရင်း ငွေကျပ် (၄,၃၂၀,၀၀၀) (လေးဆယ့် သုံးသိန်းနှစ်သောင်းတိတိ)ကို ကျန်ရစ်သူ အကျိုးခံစားခွင့်ရှိသည့် မိသားစုဝင်များထံ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၄) ဦးစိုးပိုင်မြင့်က တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)