မကွေတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေး

မကွေး     ဇွန်    ၉

 

မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှာလည်း ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင် ကြားနေပြီဖြစ်ရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင်(၂) ဦးအောင်ချိန် နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ခန်းများ အတွင်း ကျောင်းသား ကျောင်းသူများ သင်ကြား သင်ယူမှု အခြေအနေများကို ကြည့်ရှုပြီး၊ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အားပေး စကားပြောကြားခဲ့ကြသည်။

 

 

 

ထိုသို့ တွေ့ဆုံစဉ် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ ယဉ်ကျေးလိမ္မာအောင်၊ ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးကြ စေလိုကြောင်း၊ ကျောင်းဖွင့်ကာလအတွင်း အဆင်မပြေမှုများ အခက်အခဲများ ကြုံတွေ့ရပါက ချက်ချင်းသတင်း ပေးပို့ပါ အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာဖြစ်ပါကြောင်း၊ ယခုကျောင်းမှာ ဆရာ/ဆရာမများထဲမှ ကျောင်းမတက်ဘဲ CDM ပြုလုပ်နေသူ နှစ်ဦးရှိကြောင်း သိရပြီး၊ ဆရာကြီး ဆရာမကြီးများအနေနဲ့ ပြန်လည် ဆက်သွယ်၍ ကျောင်းပြန်တက်ခိုင်းပေးကြဖို့၊ ပြန်လည် တက်ရောက်ရာမှာလည်း ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ပြန်လည်လက်ခံပေးဖို့အတွက် တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ယခုပညာသင်နှစ် အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြ စေလိုကြောင်း မှာကြားပြီး၊ ကျောင်းအုပ်ဆရာကြီးထံ ယဉ်ကျေးလိမ္မာ၊သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့သည်။

 

 

 

အဆိုပါ ကျောင်းများဖွင့်လှစ် သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်း သတ်မှတ်ချက်၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး၊ဆရာ ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ ကျောင်းလုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး၊ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းမအပ်ရသေးသည့် ကျောင်းသား ကျောင်းသူများ ၏ ကျောင်းအပ်နှံမှုကိုလည်း ကျောင်းဖွင့်ရက်များတွင် ဆက်လက်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မကွေးမြို့ပေါ်ရှိ ကျောင်းများတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

မောင်ညီညာ(မကွေး)