ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ မီးဘေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကော့သောင်း ဇွန် ၈

 

မိုးဦးရာသီအတွင်း မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဘေးအန္တရာယ်များကြုံတွေ့လာပါက အရေးပေါ်ဆက်သွယ်နိုင်သည့် နည်းလမ်းများအား အသိပေးစတေကာကပ်ခြင်း လုပ်ငန်းကို ကော့သောင်းခရိုင မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များယနေ့နံနက်ပိုင်းက ကော့သောင်းမြို့ အသွားလာများပြားရာ အဏ္ဏာရပ်ကွက်၊ ကမ်းနားလမ်းနှင့် ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံတို့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

 

မိုးဦးရာသီတွင်ဖြစ်ပေါ်တတ်သည့် လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန် ကြိုတင်လုပ်ဆောင်ရမည့်အချက်များ၊ လျှပ်စီးလက်ခြင်းဖြစ်ပွားစဉ် အိမ်တွင်း သို့မဟုတ် အိမ်အပြင်တွင်ရှိနေပါက အန္တရာယ်ကင်းရှင်းစေရန် လုပ်ဆောင်ရမည့်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသည့် မြေပြိုခြင်းဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည့် အချက်များ၊ မြေပြိုမှုဖြစ်စဉ်များဖြစ်ပေါ်နေချိန်နှင့် ဖြစ်ပေါ်ပြီးချိန်များတွင် ပြုလုပ်ရမည့်အချက်များနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတိပြုရမည့်အချက်များပါ လက်ကမ်းစာစောင်များကို မြို့နေပြည်သူများအား ဖြန့်ဝေ အသိပညာပေး ဆောင်ရွက်ကြခြင်းဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ဖြစ်စဉ်များသည် အသိပညာပေးမှု လုပ်ငန်းများ လိုအပ်ချက်ကြောင့်ဖြစ်ရာ ပြည်သူများအကြား အသိပညာပေးမှုလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်သဖြင့် ယခုကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ သဘာဝဘေးအပါအဝင် မီးဘေးအန္တရာယ်များကြုံတွေ့လာပါက ပြည်သူများနေဖြင့် အရေးပေါ်ဆက်သွယ်နိုင်ရေး ဆက်သွယ်ရမည့် ဖုံးနံပါတ်များပါစတေကာများကိုလည်း မော်တော်ဆိုင်ကယ်နှင့်ကားများ၊ အများပြည်သူ အသွားအလာများပြားရာ နေရာများတွင် လိုက်လံကပ်ကာ အသိပေးနိုးဆော်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)