ဒေးဒရဲမြို့နယ်တွင် (VDP) ကျေးရွာရွေးချယ်နိုင်ရေးနှင့် မြစိမ်းရောင်ကျေးရွာ ပြောင်းလဲ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆောင်ရွက်

ဒေးဒရဲ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ကျေးရွာ ရွေးချယ်နိုင်ရေးနှင့် မြစိမ်းရောင်ကျေးရွာ ပြောင်းလဲဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်စွာမြင့်က ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)ကျေးရွာ ရွေးချယ်နိုင်ရေးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာ(၁)ရွာအား ပြောင်းလဲ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သတ်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာအဖြစ် ဘုရားချောင်း ကျေးရွာအုပ်စု ထိုင်ကူကျေးရွာနှင့် သောကြာကျေးရွာအုပ်စု ကျုံလှကျေးရွာ များတွင် ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအဖြစ် သင်ပေါင်းချောင်ကျေးရွာမှ ဇီးဖြူကုန်းကျေးရွာသို့ ပြောင်းလဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)