အရာတော် ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၁ ခုနှစ်အစိုးရပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် (၁၂) နာရီက အရာတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမ စာဖြေဌာနတွင် စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အရာတော်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် စာရင်းသွင်းသံဃာ (၂၅) ပါး အနက် ပထမကြီးတန်းတွင် (၁) ပါး၊ ပထမလတ်တန်းတွင် (၃) ပါး၊ ပထမငယ်တန်းတွင် (၇) ပါး၊ အခြေပြုမှုလတန်းတွင် (၅) ပါး၊ စုစုပေါင်းရဟန်းသံဃာ(၁၆)ပါး ကြွရောက်ဖြေဆို လျက်ရှိပြီး စာမေးပွဲကို ဇွန်လ(၇)ရက်မှ (၁၃)ရက်နေ့အထိ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အကျိုးတော်ဆောင်များနှင့် မြို့နယ်သာသနာရေးမှူးတို့က ကြီးကြပ်၍ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပလျက်ရှိသည်။
အဆိုပါ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ်ဆွမ်းနှင့် အချိုရည်များ ဆက်ကပ်ပြီး ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သူရ