ပျော်ဘွယ်မြို့ MGM စက်သုံးဆီအရောင်းဆိုင်တွင်မီးလောင်မှုဖြစ်ပွား

ပျော်ဘွယ်  ဇွန် 

ပျော်ဘွယ်မြို့မှ ရမည်းသင်းမြို့သို့သွားသော ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ မင်းလမ်းကျေးရွာအုပ်စု၊ ဆားတောင်ကျေးရွာအနီးတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် MGM စက်သုံးဆီဆိုင်တွင် ယနေ့နံနက် (၁၁)နာရီ၃၀ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပျော်ဘွယ်မြို့ရှိ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ရမည်းသင်းခရိုင်မှ မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးနှင့် ပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မွန်းလွဲ(၁၂)နာရီ(၃၀)မိနစ်ခန့်တွင် မီးထိန်းနိုင် ခဲ့ပြီး မွန်းလွဲ (၁)နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် စက်သုံးဆီဖြည့်ရန်လာရောက်သည့် ဂါလံ(၂၈၀၀)ဆန့် စက်သုံးဆီတင်ယာဉ် (၂)စီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့မှုအပြင် MGM စက်သုံး ဆီဆိုင်တွင် ထားရှိသည့် စက်သုံးဆီအရောင်းပန့်(၅)လုံး ပျက်စီးခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုဖြစ်စဉ် နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)