ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်းမြ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ရပ်ရွာလုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁၀ အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ရပ်ကွက်/ကျေးရွာများအတွင်း လုံခြုံရေး ဂရုစိုက်ဆောင်ရွက်ရန်၊ မိုးတွင်းကာလမီးကြိုးနှင့် မလွတ်သည့်သစ်ကိုင်းများ၊ ခုတ်ထွင် ရှင်းလင်းရန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

၄င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ဒုရဲမှူးကြီးမောင်မောင်ဝင်း က မြောင်းမြခရိုင်အတွင်း လုံခြုံရေး ဆောင်ရွက်နိုင်မှု အခြေအနေများအား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းစိန်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ အချို့နေရာများကို Stay  at  Home သတ်မှတ်ပြီး ကျောင်းအချို့ကို ပြန်လည် ပိတ်ထားရကြောင်း၊ ကျန်းမာရေး ဦးစီးဌာနအနေဖြင့် မြောင်းမြမြို့အတွင်းရှိ စာသင်ကျောင်းများ၌လည်း ကိုဗစ်-၁၉ အပါအဝင် ကျောင်းကျန်းမာရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအ နေများအား ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(မြောင်းမြ)