အုတ်ဖို ဇွန် ၈
ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဖြစ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျွန်းကောက်ပင်ကျေးရွာအုပ်စု၊ ကျွန်းကောက်ပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက အခြေခံ ဒီဇယ်အင်ဂျင် စက်ပြင် သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပခဲ့သည့်။
အခမ်းအနားတွင် သာယာဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ အဖွင့်အမှာစကားပြောကြားရာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေရရှိစေရန် အသက် မွေးဝမ်းကျောင်း အထောက်အကူပြုအဖြစ် သင်တန်းများဖွင့်လှစ်ပေးနေတာဖြစ်ကြောင်း၊ သင်တန်းသားများ အနေနဲ့ လက်တွေ့နယ်ပယ် တွင် အသုံးချနိုင်ရန်အတွက် သင်ခန်းစာများအလိုက် စနစ်တကျ လေ့လာ မှတ်သား သင်ယူကြရန် လိုကြောင်းပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုး မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးအောင်ဇော်မင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်း သားများအား သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းကို သင်တန်းသား(၂၀)ဦးဖြင့် (၂၀) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းမြင့်စိုးထံမှ သိရသည်။
အောင်သူ(အုတ်ဖို)