ဟင်္သာတ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဟင်္သာတခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးသန်းအေးဆွေက မြန်မာနိုင်ငံအနေနဲ့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်အတိုင်း အဓိကအခွင့်အရေး(၄)ရပ်နဲ့ တာဝန်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး ကော်မရှင်အဖွဲ့ဝင်အနေဖြင့် အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် လည်း ဒေသဆိုင်ရာကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးကော်မတီနှင့်ပတ်သက်၍ (အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ၂၀၁၃-၂၀၂၂ NSPAW) ကို လုပ်ငန်း(၁၂)ရပ် သတ်မှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်းတို့နှင့်ပတ်သက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဒိုင်ဒိုဒါးလ်က ဦးစီးဌာနလုပ်ငန်းကြီး (၇)ရပ်မှ (၁)ခုအပါအဝင်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်များ၊ CRC သမိုင်းကြောင်း၊ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော အခွင့်အရေး(၄)ရပ် များအကြောင်းကို အကျယ်တဝံ့ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက ခရိုင်နှင့်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးအား ပုံမှန်ကျင်းပသွားရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာ အခြေခံသင်တန်းများကို ဖွင့်လှစ်သွားရန်၊ ကျေးရွာ အရောက်ကွင်းဆင်း အသိပညာပေးမှု အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားရန်တို့နှင့် ပတ်သက်သည့် ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းချမှတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟင်္သာတ(ခရိုင်ပြန်/ဆက်)