ဘိုကလေး ဇွန် ၈
ဗုဒ္ဓသာသနာတော်တည်တံ့ထွန်းကားပြန့်ပွားစေရေး၊ သာသနာ့အာဇာနည်များ ပေါ်ထွန်းလာပြီး သာသနာအကျိုးကိုသယ်ပိုးထမ်းရွက်နိုင်ရေးတို့ကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းဓမ္မာရုံကြီးတွင် ယမန်နေ့မွန်းတည့် (၁၂) နာရီမှစတင်ကာ ပါဠိပထမပြန်စာမေးပွဲကြီး ကျင်းပသည်။
အဆိုပါ စာမေးပွဲတော်ကြီးကို ဇွန်(၇)ရက်မှ (၁၃)ရက်ထိ (၆)ရက်တိုင်တိုင် မွန်းတည့်(၁၂)နာရီမှ နေ့လည်(၃)နာရီထိ နေ့စဉ်ကျင်းပသွားမည်ဖြစ်ကာ စာမေးပွဲသို့ ဘိုကလေးမြို့နယ်အတွင်းမှ အခြေပြုမူလတန်း(၃၀)ပါး၊ အငယ်တန်း(၁၃)ပါး၊ အလတ်တန်း(၄)ပါး၊ ပထမကြီးတန်း(၁၁)ပါး စုစုပေါင်း(၅၈)ပါး ပါဝင်ဖြေဆိုကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ စာဖြေ ရှင်သာမဏေများနှင့် သံဃာများအား မြို့မဆွမ်းလောင်းဓမ္မာရုံကြီးတွင် အလှူ့ ဒါယကာ၊ ဒါယိကာမများမှ နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းကြပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှလည်း လိုအပ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုပြုနိုင်ရေး ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)