ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၆ ဦးရှိ

ရိခေါ်ဒါရ်   ဇွန်  ၈

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို ယမန်နေ့က ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၆ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၅၂)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နေပြည်သူ (၄၈)ဦးတို့နှင့် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၄)ဦးတို့အား စစ်ဆေးဆောင်ရွက် ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၆)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသည့် (၆) ဦးအနက် ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူ လျက်ရှိသည့် နှစ်ဦးတို့အား တိုက်နယ်ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိသူများဖြစ်ကြပြီး ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း၊ ကျန် (၄)ဦးတို့မှာ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်း ကို မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)