ကော့ကရိတ်​​မြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ စစ်ဆေးအရေးယူဆောင်ရွက်

ကော့ကရိတ်  ဇွန်  ၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာပြီး အသက်အန္တရာယ်ကင်းဝေစေရန်အတွက် စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်များ၊  လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန် နေ့ နံနက် ၉နာရီက အမှတ် (၃)ရပ်ကွက်၊ တောင်ပေါ်ကျောင်းလမ်းဆုံ၌ စစ်ဆေးဖမ်းဆီး၍ အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်စောဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကညနမှ ဦးမန်းဝီလျှံသိန်းနှင့် ပို့/ဆက်မှ အငယ်တန်းစာရေး ဦးစိုးပိုင်အေးဦးတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တောင်ပေါ်ကျောင်း လမ်း၌ သွားလာလျက်ရှိသည့် စည်းကမ်းမဲ့ မောင်းနှင်သော ဆိုင်ကယ်များ၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ စည်းကမ်းမဲ့ မော်တော်ယာဉ်(တစ်)စီး၊ သုံးဘီးဆိုင်ကယ် (တစ်)စီး၊ မော်တော်ဆိုင်ကယ် (၁၉)စီး စုစုပေါင်း (၂၁)စီးအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော မော်တော်ယာဥ်နှင့် ဆိုင်ကယ်များအား ယာဉ်ထိန်းရဲစု (၇၁)မှ ဒုတိယရဲမှူး အောင်ကိုဦးက မြို့နယ်တရားရုံးသို့ မော်တော်ယာဉ်ဥပဒေဖြင့် တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)