ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး အကျဉ်းထောင်စစ်ဆေး

မအူပင်   ဇွန်      ၈

ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် မအူပင်ခရိုင်တရားသူကြီး ဒေါ်ဝင်းဝင်းနိုင်၊ မြို့နယ်တရားသူကြီးဦးနိုင်နိုင် ၊ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းတို့နှင့်အတူ ယမန်နေ့ နံနက်(၈)နာရီအချိန်က မအူပင် အကျဉ်းထောင်နှင့် မအူပင် မြို့မရဲစခန်းတို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။
မအူပင်ခရိုင်အကျဉ်းဦးစီးဌာနမှ မအူပင်အကျဉ်းထောင်မှူး ဦးအောင်ကျော်မင်းက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ ၊ အချုပ်ကျနေသူများ၏ ကျန်းမာရေး၊နေထိုင်စားသောက်မှု ၊ သောက်သုံးရေရရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူ၊ အချုပ်ကျနေသူများ၊ နေထိုင်သည့် အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများကိုလည်း နေရာထိုင်ခင်း သက်တောင့်သက်သာရှိ/မရှိ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ ၊ ညှဉ်းပန်းနှိပ်စက်ခံရမှုရှိ/မရှိ၊ အစားအသောက်အာဟာရစားသုံးရမှုအခြေအနေ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရ/မရ ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မအူပင်မြို့မစခန်းသို့သွားရောက်စစ်ဆေးရာ မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်း၊ မြို့မစခန်းမှူးသန်းဝင်းနိုင်တို့က မအူပင်စခန်းတွင် အချုပ်စခန်းထားရှိမှု၊ အချုပ်ကျသူများအား COVID-19 ရောဂါကာကွယ်ရေးအတွက် လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှုနှင့် ရုံးတင်စစ်ဆေးရာတွင် သတ်မှတ်ချက်များနှင့်အညီ လုံခြုံရေး ဆောင်ရွက်ထားရှိမှုကို တင်ပြခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်