ငါးသိုင်းချောင်းမြို့ သာသနာ့ဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါသိုင်းချောင်းမြို့၊ သာသနာ့ဗိမာန်သိမ်တော်ကြီး၌ အစိုးရပါဠိပထမပြန် စာဖြေဌာန ကြီးကြပ်ရေး ဆရာတော်ကြီး(၁၃)ပါးကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ အချိန်က စတင်ကျင်းပ လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပါဠိပထမပြန်စာ‌မေးပွဲသို့ ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များ၊ စာဖြေသံဃာများ အဆင်ပြေ ချောမွေ့စေရေးအတွက် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်း ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာ့အကျိုးဆောင် ဒေသခံပြည်သူများ၊ အ-ထ-က ငါးသိုင်းချောင်း ကျောင်းရှိ ဆရာ/ဆရာမများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအစီအစဉ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြင်ဆင်ဆောင်ရွက်ပေးခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခြင်းတို့ကို စုပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန် စာမေးပွဲသို့ ငါးသိုင်းချောင်းမြို့ရှိ ကျောင်းတိုက်(၅)တိုက်မှ စာဖြေသံဃာ မူလတန်း(၁၀)ပါး၊ အငယ်တန်း(၆)ပါး၊ အလတ်တန်း(၁)ပါး စုစုပေါင်း(၁၇)ပါး တက်ရောက်ဖြေဆိုလျက်ရှိပြီး စာမေးပွဲကို ယ‌‌နေ့ ဇွန်လ (၇)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၆)ရက်တိုင်တိုင် နေ့စဉ်မွန်းတည့်(၁၂:၀၀)နာရီမှ ညနေ(၃:၀၀)နာရီအထိ ကျင်းပ သွားမည်ဖြစ်ရာ အဆိုပါ စာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုကျင်းပ နိုင်ရေးအတွက် နေ့ဆွမ်းဒါနနှင့် အခြား လှူဖွယ်ဝတ္တုများ၊ ကျန်းမာရေး စောင့်ရှောက်မှု အစရှိသည့် ကူညီစောင့်ရှောက် လှူဒါန်းမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်‌ စေတနာရှင် အလှူရှင်များက ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)