မင်းဘူး ဇွန် ၈
မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းနေပြီး လက်ကားဈေး တစ်ပိဿာ ကျပ် ၄၀၀ သာရှိတော့သဖြင့် ကြက်သွန်နီစိုက် တောင်သူများနှင့် ဈေးမျှော်လင့်ပြီး လှောင်ထား သောသူများ အရှုံးပေါ် နေကြောင်း မင်းဘူးမြို့ ကြက်သွန်စိုက်နီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် ဥစိုက်နှင့် ပျိုးပင်စိုက်ဟူ၍ နှစ်မျိုးရှိပြီး ဥသေးများကို စိုက်ပျိုးသော ကြက်သွန် နီများမှာ အဖူး ဖူးဖို့ရန်အတွက် အလယ်ခေါင်တွင် အူတိုင်ပါရှိပြီး အသားပွကာ ကြာရှည်စွာ အထားမခံဘဲ ဈေးနည်းသော်လည်း စားသုံးသူများ ကြိုက်နှစ်သက်မှု မရှိပေ။ ပျိုးပင်များကို စိုက်ပျိုးသော ကြက်သွန် နီဥများမှာ အလုံးများ တင်ပြောင်နေပြီး မာကြောမှုရှိသလို အထားခံ၍ဈေးလည်း ပိုပေးရလေသည်။
မင်းဘူးမြို့နယ် ပတ်ဝန်းကျင် ကျေးရွာများတွင် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်နေပြီ ဖြစ်သော်လည်း ဥစိုက်ကြက်သွန်နီများမှာဈေး ၁၀၀/၂၀၀ သာရှိပြီး ပျိုးပင်စိုက် ကြက်သွန်နီများမှာ ရှယ်လတ်ကြီးများမှ ၃၀၀/၄၀၀ ဈေးသာရှိသည်။ ကြက်သွန်နီစိုက် တောင်သူများမှာ အထွက်နှုန်းများ ကောင်းကြသော်လည်း ဈေးမကောင်းကြသဖြင့် ကြက်သွန်နီဈေးကောင်းရန် မျှော်လင့်လျက်ရှိကြသည်။
" ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီ ဈေးကွက်မှာ လက်လီတစ်ပိဿာ ကျပ် ၄၀၀ နဲ့ လက်ကားတစ် ပိဿာ ကျပ် ၂၅၀ သာရောင်းရပါတယ်။ အရင်နှစ်က ကြက်သွန်နီဈေး တစ်ပိဿာကို ကျပ် ၁၇၀၀/၁၈၀၀ ဈေးအထိရှိခဲ့ပေမဲ့ ယခု ကုန်စည်သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများလည်း လှိုင်လှိုင်မရှိတော့သလို ဈေးကွက်အတွင်း ဝယ်လိုအား သိသာစွာ ကျဆင်းနေသည့်အတွက် ပုံမှန်ဈေးအောက် ရောက်နေသည့် ပမာဏထက်များစွာ လျော့နည်းနေပြီး ကြက်သွန်နီ ဈေးနှုန်းများ အဆမတန် ကျဆင်းနေတာလည်း ဖြစ်ပါတယ် '' ဟု ပွဲရုံလုပ်ငန်း ရှင် ဦးသာပေါက ပြောသည်။
ဇေယျာထက်(မင်းဘူး)