ဘားအံ ဇွန် ၇
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် ဘားအံမြို့ရှောင်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လှာကဒေါင်ကျေးရွာအုပ်စု၊ တောင်နားကျေးရွာမှ ကြာအင်းတောင်နှင့် ဇွဲကပင်တောင်ကြားလမ်းမှတစ်ဆင့် ကမော့ကစင်ကျေးရွာသို့ မြို့ရှောင်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄) ဦးစောခင်မောင်မြင့်၊ ကရင်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိသူများက လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးက အဆိုပါလမ်းပိုင်း လမ်းဘေးဝဲယာတစ်လျှောက်ရှိ ဒေသခံများ၏ ဥယာဉ်ခြံမြေနှင့်လယ်ယာမြေများ ထိခိုက်နစ်နာမှုမရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အဆိုပါမြို့ရှောင်လမ်းပိုင်းဖြစ်သော ကမော့ကစင်ကျေးရွာမှ သံလွင်တံတားထိပ်(ဘားအံဘက်ခြမ်း) ကိုကလယ်ဘုန်းတော်ကြီး ကျောင်းရှေ့ထိ အမြင့် (၈)ပေ ခန့်တာဘောင်ဖို့ မြေသားလမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လမ်းအူကြောင်း လျာထား ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဘားအံမြို့ရှောင်လမ်းသည် ဘားအံမြို့၊ သံလွင်တံတားထိပ်မှ ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး (အရှေ့-အနောက်စီးပွားရေးစင်္ကြန်လမ်း)တို့နှင့် ချိတ်ဆတ်နေသည့်အတွက် အဆိုပါလမ်းပိုင်း ပြီးစီးပါက ကုန်စည်များ လွယ်ကူလျင်မြန်စွာစီးဆင်းနိုင်မည်ဖြစ်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဲ့သို့သော ကိစ္စအဝဝအတွက် ရာသီမရွေး၊ အချိန်အခါမရွေး ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)