မြိတ်မြို့တွင် တောင်သူများအား လုပ်ငန်းရှင်တစ်ဦးမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ အတိုးမဲ့ ထုတ်ချေးပေး

မြိတ် ဇွန် ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ ကျေးရွာ(၃)ရွာမှ တောင်သူ(၅၃)ဦး အား လုပ်ငန်းရှင်တစ်ဦးမှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက်(၁၀)နာရီက ကျောက်ဖျာကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် လယ်တစ်ဧက တစ်သိန်းကျပ်နှုန်းဖြင့် အတိုးမဲ့ ထုတ်ချေးပေးခဲ့သည်။ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ အခက်အခဲများ ဖြစ်လျက်ရှိသည့် တောင်သူ(၅၃)ဦး အား လယ်တစ်ဧကကို တစ်သိန်းကျပ်နှုန်းဖြင့် လယ်ဧက စုစုပေါင်း(၃၆၃)ဧကအတွက် (၃၆၃)သိန်းကျပ် အတိုးမဲ့ ထုတ်ချေးပေးခဲ့သည်။ အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို အိုကေဆန်စက်မှ ထုတ်ချေးပေး ခြင်းဖြစ်ပြီး ယခုလို ထုတ်ချေးပေးခြင်းသည် (၄) နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။ “တကယ်တော့ ကျွန်တော်တို့ဒေသမှာ ရေလည်းရှိမြေလည်းရှိ၊ စိုက်ပျိုးလို့လဲရနိုင်တဲ့အတွက် လယ် သမားတွေကို မြေတောင်မြောက်ပေးတဲ့အနေနဲ့ တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးတာပါ။ ပြီးခဲ့တဲ့ နှစ်က တစ်ဧကကို တစ်သိန်းခွဲနှုန်းထုတ်ချေးတယ်။ ဒီနှစ်တော့ ဘဏ်စနစ် အခက်အခဲကြောင့် တကယ် လိုအပ်နေတဲ့ လယ်သမား(၅၃)ဦးကို လယ်တစ်ဧက တစ်သိန်းကျပ်နှုန်းဖြင့် လယ်(၃၆၃)ဧကအတွက် ထုတ်ချေးပေးပါတယ်။ မျိုးကောင်း မျိုးသန့်တွေကို ဖျာပုံ၊ ကျိုက်လတ်၊ နေပြည်တော်မှ မှာယူဖြန့်ဝေ ပေးပါတယ်။ ယခင်က တစ်ဧက တင်း (၄၀)ထွက် တဲ့နေရာမှာ ယခုတင်း(၈၀)၊ တင်း(၁၀၀)လောက် ထွက်လာတယ်လို့ တောင်သူတွေပြောတဲ့ အသံကြားရ၍ ဝမ်းသာမိပါတယ်” ဟု အိုကေဆန်စက်ပိုင်ရှင် ဦးမောင်ထွေးဝေက ပြောသည်။ မြိတ်ခရိုင်အတွင်းရှိ ပြည်သူများအတွက် ဆန်လုပ်ငန်းရှင်များမှ ယခင်က ရန်ကုန်နှင့် ဧရာဝတီတို့မှ တစ် လလျှင် ဆန်တန်ချိန် တစ်သိန်းနှစ်သောင်းခန့် သယ်ဆောင်ဖြန့်ဖြူးရောင်းချကြကြောင်း၊ လက်ရှိအချိန် တွင် ဒေသရှိတောင်သူများ စိုက်ပျိုးသည့် စပါးတန်ချိန်(၆)သိန်းခန့် အိုကေဆန်စက်သို့ လာရောက် ရောင်းချကြကြောင်း၊ ကျောက်ဖျာကျေးရွာအုပ်စုရှိ တောင်သူများသည် ယခင်က ဒေသထွက် မျိုးစပါး များကို စိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ဆင်းသုခ၊ ကျားပျံ၊ ပေါ်ဆန်းမျိုးစပါးများ စိုက်ပျိုးလျက် ရှိကြရာ စပါးအထွက်နှုန်းတိုးကြောင်း၊ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးလာကြသဖြင့် စပါးအထွက် တိုးလာ၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဆောင်ရွက်လာကြကြောင်း တောင်သူများထံမှ သိရ သည်။ ခိုင်ထူး (မြိတ် ပြန်/ဆက်)