မိုးညို ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ၊ ဓမ္မိကပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ယနေ့နေ့လယ် ၁၂:၀၀ နာရီက ၂၀၂၁ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တသာသန နှင့်ဆရာတော်၊ သံဃာတော်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး အခြေပြု မူလတန်းတွင် သံဃာ (၁၅) ပါး၊ ပထမငယ်တန်းတွင်သံဃာ(၁၃) ပါး၊ ပထမလတ်တန်းတွင် သံဃာ(၆) ပါး၊ ပထမကြီး တန်းတွင် သံဃာ(၃) ပါး၊ စုစုပေါင်းသံဃာ (၃၇)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ယနေ့မှစ၍ဇွန်လ ၁၃ ရက်နေ့ထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှမွန်းလွဲ ၃ နာရီထိ ဘာသာရပ် အလိုက်ဖြေဆိုသွားမည်ဖြစ်ကြောင်း စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်ထံမှ သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းတို့ကို နေ့စဉ်ဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုမင်း(မိုးညို)