လက်ပံတန်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန် စာမေးပွဲကို ယနေ့နံနက် ၉နာရီက ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကိုနမောတဿ (၃)ကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်၍ မြို့နယ် သံဃ နာယက ဥက္ကဌဆရာတော် ဘဒ္ဒန္တကေသရမှ သြဝါဒချီးမြှင့်တော်မူပြီး ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေး ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဣဒ္ဓိမန္တထံမှ ငါးပါးသီလ ချီးမြှင့်ခံယူခဲ့ကြပြီး မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှုး ဦးသန့်စင်က သာသနာရေးဆိုင်ရာကိစ္စများကို လျှောက်ထား ဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ လက်ပံတန်းမြိုနယ် သံဃနာယက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်များ၊ စာချ၊ စာအောင်ဆရာတော်များအား ဝတ္ထုအလှူတော်ငွေများဆက်ကပ်ပူဇော်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိ ပထမ ပြန်စာမေးပွဲတွင် ပထမကြီးတန်း(၁)ပါး၊ ပထမလတ်တန်း (၃)ပါး၊ ပထမငယ်တန်း(၇)ပါး၊ အခြေပြု မူလတန်း (၁၀)ပါး၊ စုစုပေါင်း (၂၁)ပါးအား ဂုဏ်ပြုဆုတော်ငွေကျပ် (၈) သိန်း လှူဒါန်းခဲ့ပြီး အခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။ နေ့လည်ပိုင်းတွင် ပါဠိပထမ ပြန်စာမေး ပွဲကို ဆက်လက် ကျင်းပ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထောက်အကူပြုအဖွဲ့ ဝင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်