ကန့်ဘလူ ဇွန် ၇
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ၂၀၂၁ (၁၃၈၃) ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီး စေတီတော် သာသနာ့ ဗိမာန်တော်၌ ယနေ့ မွန်းတည့် ၁၂ နာရီက စတင်ကျင်းပရာ မြို့နယ် အတွင်းရှိကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊သီလရှင်များ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်သာသနာရေးမှူးဦးစိုးသူထံမှ သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲသို့ အခြေပြုမူလတန်းတွင် ၄၇ ပါး၊ ပထမငယ်တန်းတွင် အပါး ၂၀၊ ပထမ လတ်တန်းတွင် ၃၆ ပါး၊ ပထမကြီးတန်းတွင် ၄၅ ပါးဖြေဆိုလျက်ရှိပြီး မြို့နယ် သံဃနာယက ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော် သံဃာတော်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်သာသနာ ရေးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
မြို့နယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖြေ ရဟန်း၊သာမဏေ၊ သီလရှင် များအား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask) များပေးဝေခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)