မင်းဘူး ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ၂၀၂၁ ခုနှစ် အစိုးရပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) စာမေးပွဲကြီးကို ယနေ့ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ထိ မင်းဘူးမြို့၊ အမှတ်(၂) ရပ်ကွက် ဓာတ်တော်ကုန်းဘုရားစေတီတော်ရှိ သံဃသာမဂ္ဂီ သိမ်ဓမ္မာရုံတော် ကြီးအတွင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုရာ၌ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် စာဖြေ ရဟန်း/ သာမဏေ/ သီလရှင် များအတွက် ဆွမ်း၊ အချိုရည်၊ မုန့်နှင့် လှူဖွယ်ပစ္စည်းများကို ဌာနဆိုင်ရာများနှင့် စေတနာ ရှင် အလှူရှင်များက စာမေးပွဲကာလ နေ့ရက်များအလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် သတ်မှတ်စည်းကမ်းချက် များနှင့်အညီပြင်ဆင်ထားရှိပြီး အေးချမ်းစွာဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ စာမေးပွဲ ပထမရက် ကျင်းပသည့်နေ့တွင် ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ ဘိက္ခုပါတိမောက်ဘာသာ၊ ဓမ္မပဒ ဒွေမာတိကာ ဘာသာရပ်နှင့် ဓမ္မပဒပါဠိ ဘာသာရပ်တို့ကို ဖြေဆိုခဲ့ကြောင်း မြို့နယ် သာသနာ ရေးဦးစီးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
အဆိုပါ စာမေးပွဲတွင် စာရင်းရှိ ရဟန်း/သာမဏေ/သီလရှင် စုစုပေါင်း ၅၂ ပါးရှိပြီး ပထမကြီး တန်းတွင် ရဟန်း ၉ ပါး၊ ပထမလတ်တန်းတွင် ရဟန်း ၃ ပါးနှင့် သီလရှင် ၂ ပါး၊ ပထမငယ်တန်းတွင် ရဟန်း/သာမဏေ ၉ ပါးနှင့် သီလရှင် ၃ ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း/သာမဏေ ၁၃ ပါးနှင့် သီလရှင် ၂ ပါး၊ စုစုပေါင်း ၄၁ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ရဟန်း/သာမဏေ ၆ ပါးနှင့် သီလရှင် ၅ ပါး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။
မောင်မောင်(မင်းဘူး)