မိုးစပါးများ စိုက်ပျိုးရေ ဖူလုံစွာရရှိရေး ကန်တော်ကြီးဆည်ရေသောက် သပြေပင်မြောင်းမကြီး အတွင်းရှိ သဲနုံးများ အမှိုက်သရိုက်များအား စက်ယန္တရားကြီးဖြင့် တူးဖော်

 

 

တောင်တွင်းကြီး ဇွန် ၇


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ကန်တော်ကြီးဆည်ရေသောက် တရုပ်ကော အုပ်စု သဖန်းကုန်း ကျေးရွာအနီးရှိ အရှည် ၁၅၀၀ ပေ၊ အကျယ် ၆ ပေ ၊ အနက် ၄ ပေ ရှိသည့် သပြေပင်မြောင်းမကြီးမှာ ယခုအခါ သဲနုံးများ အမှိုက်သရိုက်များ ချုံနွယ်ပိတ်ပေါင်းများဖြင့် တိမ်ကောနေပြီဖြစ်သဖြင့် မိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရာတွင် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အခက်အခဲများ နှစ်စဉ်ကြုံတွေ့နေရကြောင်း သိရသည်။

 

 

၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရေ ဖူလုံစွာ ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုး၊ မြောင်းခေါင်းဦးထွန်းဝေ နှင့် မြောင်းကော်မတီဝင်များ ဆည်ရေသောက်တောင်သူများ စုပေါင်း၍ သပြေပင် မြောင်းမကြီး အတွင်းရှိ သဲနုံးများ အမှိုက်သရိုက်များအား ချုံနွယ်ပိတ်ပေါင်းများကို စက်ယန္တရားကြီးဖြင့် ကိုယ့်အားကိုယ်ကိုး တူးဖော် ရှင်းလင်းခဲ့ကြသည်။

 

 

အဆိုပါ သပြေပင်မြောင်းမကြီးတူးဖော်ပြီးစီးသွားပါက ဒေသခံတောင်သူ(၆၀)ဦးတို့၏ လယ်ဧက (၄၅၀)ကျော် တို့အား မိုးစပါးနှင့် အခြားသီးနှံမျိုးစုံတို့ စိုက်ပျိုးရေများဖူလုံစွာရရှိတော့မည် ဖြစ်သဖြင့် ဒေသခံတောင်သူများ ဝမ်းသာပီတိဖြစ်ရပါကြောင်း ဒေသခံတောင်သူ ဦးမြတ်ထွန်း ကပြောကြားချက်အရ သိရသည်။

 

နိုင်ဝင်း