နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်

နတ်မောက် ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျေးရွာအုပ်စုအတွင်းရှိ  အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်၊ မ (၁) ဦး၊ အသက် (၁၈) နှစ်ပြည့်  နိုင်ငံသားစိစစ်ရေးကတ် မ (၂)‌ဦး၊ လဲလှယ်ကျား (၆) ဦး၊ မ (၁၂) ဦး၊ စုစုပေါင်း (၂၁) ဦးတို့အား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု နှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ 

ဆက်လက်ပြီး နတ်မောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး က ကျောင်းသား၊ ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ကျောင်းတွင်း ကျောင်းပြင် လုံခြုံရေးများစီမံထားရှိမှုများကို ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေပြည်သူများ တက်ရောက် ခဲ့ကြောင်းသိရသည်။

သင်းသင်းမြတ်