ချောင်းဦး ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ရွှေကူကြီးဘုရား နဂါးနီသာသနာ့ဗိမာန်တော် ကြီး၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ၁၃၈၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများ စတင်ကျင်းပ ခဲ့သည်။
နဂါးနီသာသနာ့ဗိမာန်အပေါ်ထပ်တွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြု မူလတန်း စာမေးပွဲများကို ကျင်းပခဲ့ရာ ချောင်းဦးမြို့နယ်အတွင်းရှိ စာသင်တိုက် (၇) တိုက်မှ ရဟန်း ၁၃ ပါး၊ သာမဏေ ၃၉ ပါး၊ သီလရှင် ၅ ပါး စုစုပေါင်း ၅၇ ပါး စာရင်းသွင်းပြီး ၅၂ ပါး ဝင်ရောက်ဖြေဆိုခဲ့သည်။ စာဖြေသံဃာတော်များအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စီမံဆောင်ရွက်ထားပြီး နေ့ဆွမ်းနှင့် အချိုရည် သောက်ရေသန့်များကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက စုပေါင်းလှူဒါန်း ဆောင်ရွက် ထားကြောင်း သိရသည်။
စာမေးပွဲများအား (၇) ရက် ကျင်းပသွားမည်ဖြစ်ပြီး စာဖြေသံဃာများအတွက် ကျန်းမာရေးနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝင်းမြင့်အောင်