ရှားတော၊ သြဂုတ် ၁၀
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ ရှားတောမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက် များ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲစာရင်းကပ်ထား ကြေညာ နေမှု နှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုကို ရှားတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် အဖွဲ့က ယမန်နေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့်အဖွဲ့က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်း များတွင် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှုရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပါအချက် အလက် မှန်ကန်မှုရှိ/မရှိ၊ မဲစာရင်း၌ အမည် (သို့မဟုတ်)နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှုရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု ရှိ/မရှိ စစ်ဆေးပြီး မဲစာရင်းလာရောက်ကြည့်ရှုမှု မရှိသော ပြည်သူများကို အိမ်တိုင်ရာရောက် ကွင်းဆင်း၍ တိုက်ဆိုင်ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် စာရင်းတွင် မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့စေရေး ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)