ပွင့်ဖြူ ဇွန် ၇
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများကို ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကြူဝန်းကျေးရွာနှင့် လက်ပနွယ်ကျေးရွာတို့သို့ သွားရောက်ပြီး ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးအောင်ဇော်တင့် က ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှု မရှိစေ ရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့်နည်းစနစ်များ ၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရာ တွင် ပါရှိရမည့်အထောက်အထားများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကြူဝန်းကျေးရွာနှင့် လက်ပနွယ် ကျေးရွာတို့မှ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းတို့ကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို မေလ ၄ ရက်နေ့က စတင်ပြီး ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လအထိ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ဇော်တင့် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )