ဒေးဒရဲ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယလဝကမှူး ဒေါ်သဲစုခိုင် ခေါင်းဆောင်သောအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကျေးရွာစခန်းများ အတွင်းနေထိုင်ကြသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ အမျိုးသား (၅)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း(၈)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်း စီမံချက်အရ ဒေးဒရဲမြို့နယ်အတွင်း နေထိုင်ကြသော ပြည်သူများနှင့် ဥပဒေအရ နိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် မေလ ၃ ရက်နေ့ကစတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ မိမိမွေးဖွားရာဇာတိတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိ ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများနှင့် ရွှေပြောင်းနေသူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သူလက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပြီ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)