ပွင့်ဖြူ ဇွန် ၅
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒေသခံ ကျေးရွာနေပြည်သူများ ကျေးလက်နှင့် မြို့ပြ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းအား မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေး လက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် ညောင်လှ - ဆင်စု - ရေချမ်းစင် ကျေးရွာချင်းဆက်လမ်းမှာ အရှည်ပေ 218 km ရှိပြီး မိုးတွင်း ကာလများတွင် ဒေသခံပြည်သူများ သွားလာရာ၌ အဆင်မပြေမှုများ ကြုံတွေ့နေရသည့်အတွက် ယခုနှစ်တွင် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ငွေလုံး ငွေရင်း ရန်ပုံငွေကျပ် ၄၆ ဒသမ ၇၅ သန်း ဖြင့် လမ်းအကျယ် 4.8 m မြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများ ကျေးလက်နှင့် မြို့ပြ အဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော ဒေသထွက် ကုန် သီးနှံများ သယ်ယူပို့ဆောင်ရောင်းချရန်အတွက် အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မိမိလွင်က ပြောကြားခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )