စေတုတ္တရာ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက မြေနီကျေးရွာအုပ်စုသို့ သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် စေတုတ္တရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထင်အောင်က မြေနီကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင်ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထင်အောင်နှင့် ဝန်ထမ်းများက မြေနီကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများကို အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်မရရှိသေးသည့် ဒေသခံ ပြည်သူများအား မေလ(၃)ရက်နေ့မှစ၍ ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ဦးထင်အောင် ထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)