ကော့သောင်း ဇွန် ၅
ကူးစက်မှုပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့် ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှု မရှိစေရေးအတွက် အဆိုပါဆိုင်များ အနေဖြင့် မိမိတို့ဆိုင်သို့ လာရောက် စားသောက်မည့်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်ထားရှိပေးခြင်း၊ စားသောက်စားပွဲများအား Physical distancing ခင်းကျင်းထားရှိခြင်း၊ စားပွဲများတွင်း Partation ကော်ကြည်ပြား၊ ပလပ်စတစ် များခွဲခြားထားရှိခြင်း၊ ဆိုင်အား လေဝင်လေထွက် ကောင်းမွန်စေရန်စီစဉ်ထားရှိခြင်း၊ အစားအသောက်ပြင်ဆင်ရာ အခန်းအား ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ပြင်ဆင်ထားခြင်း၊ ဆိုင်ဝန်ထမ်းများအား လိုအပ်သည့်ကာကွယ်ရေး အသုံးအဆောင် Mask၊ Faceshield နှင့် လက်အိတ်များဝတ်ဆင်ထားခြင်း၊ ကိုဗစ်−၁၉ရောဂါ အသိပညာပေး ပိုစတာများ ချိတ်ဆွဲထားခြင်း၊ ငွေရှင်းကောင်တာအား ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ထားရှိခြင်း၊ လိုအပ်ပါက စားသုံးသူများအား Mask များ ရောင်းချပေးနိုင်ရန် စီစဉ်ထားခြင်း၊ ဆိုင်ဝန်ထမ်း အိပ်ဆောင်များအား တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ စီစဉ်ထားခြင်းစသည့် ညွန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားခြင်း ရှိ/မရှိ တို့အား လိုက်လံစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
ကော့သောင်းမြို့တွင် ယခုနှစ်ဇွန်လပထမပတ်အတွင်း ခရိုင်ကျန်းမာရေးဌာနမှ သတင်း ထုတ်ပြန်ချက် အရ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိရသူ ၃၆ ဦးအထိ ပြန်လည်မြင့်တက်လာနေပြီး ရောဂါပိုး တွေ့ရှိရမှုသည် ဈေးဆိုင်များ၊ အစားအသောက်ရောင်းချသည့် ဆိုင်များမှ အများဆုံး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ကော့သောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း စည်ပင်သာယာရေးအဖွဲ့၏ စာရင်းအရ လက်ဘက်ရည် ဆိုင်အပါအဝင်အိမ်ဆိုင်များနှင့် အခြားအစားအသောက် ရောင်းချသည့် ဆိုင်ပေါင်း ၂၅၃ ဆိုင်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အစားအသောက်များ ရောင်းချ ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ညီညွတ်မှုရှိစေရေး ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)