သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများပေးအပ်

စေတုတ္တရာ ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်းဦးစီးမှူး ဦးမြစံက သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ်(၁.၅.၂၀၂၀)မှ(၃၀.၉.၂၀၂၀)ထိ ကာလအတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ တောင်သူ(၅၉၂၃)ဦး၏ သီးနှံပျက်စီးမှုဧက (၈၇၆၅)ဧက ရှိပြီး ယနေ့မှာ ပထမအကြိမ်အနေဖြင့်  ကျေးရွာ(၁၃)အုပ်စုရှိ တောင်သူ(၁၀၅၈)ဦး၏ သီးနှံပျက်စီးမှု ဧက (၁၇၃၂)ဧကအတွက် မိုးစပါး၊ ဖူးစားပြောင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံများ (၁)ဧကလျှင် ၁ သောင်းနှုန်း၊ မိုးမြေပဲ (၁)ဧကလျှင် ၃သောင်းနှုန်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မိုးနှမ်း (၁)ဧကလျှင် (၅) သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၉၉ သိန်း ၈ သောင်း ၅ ထောင်ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ ကိုလည်း အုပ်စုအလိုက် ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံထံမှ သိရသည်။

ခင်သန်းလှိုင်